Zomi Agape Church

The Birth of Jesus

ဖွားတော်မူခြင်း နိပါတ်တော်

 

အခန်း (၁)

သီချင်း (ရှေးဦးအစ)

ကောင်းကင်တမန်မင်း မိက္ခေလနှင့် ဂါဗြေလထွက်လာ

 

မိက္ခေလ – ကောင်းကင်ဗိုလ်ခြေတို့ရဲ့ အရှင် ထာဝရဘုရားသခင်၏ ထံတော်ပါး ခစားသော ကောင်းကင်တမန်မင်း ဂါဗြေလ မှတ်တယ်

ဂါဗြေလ – မှန်ပါ့ .. ကောင်းကင်တမန်မင်း မိကွေ့လျား

မိက္ခေလ – ကျုပ်တို့၏ ဖန်ဆင်းရှင် ဖြောင့်မတ်သန့်ရှင်းတော်မူသော ထာဝရအရှင် ဘုရားသခင်၏ ဗျာဒိတ် တော်အမိန့်များ ပါရှိပါသလားဗျာ….

ဂါဗြေလ – ဟုတ်ပါ့ ကောင်းကင်တမန်မင်းမိက္ခေလဗျာ ကျုပ်တို့ရဲ့ ကောင်းကင်ဗိုလ်ခြေတို့၏ အရှင် ဘုရားသခင်သည် ကမ္ဘာ့ဦးကပင် ကြံစည်တော်မူရာ သဗ္ဗညုတဉာဏ်မဟာဖြင့် ဗျာဒိတ်အမိန့် တော်မြတ်ချမှတ်တော်မူတယ်ဗျာ…

မိက္ခေလ – အလို… ဝမ်းမြောက်ပီတိနှစ်သက်စရာဖြစ်မည်မို့ ဗျာဒိတ်အသံဦးထိပ်ပန်လို့ နာခံပါရ စေဗျာ ၊

ဂါဗြေလ – လူမျိုးတော်ဒါဝိတ် ဗျာဒိတ်ရှိသည်အတိုင်း ကမ္ဘာအနှံ့အပြား ဘာသာစကား အမျိုးမျိုး ပြောကြားကြသည့် လူသားများရဲ့ အသက် စာတန်ရဲ့ စနက်ကြောင့် အပြစ်ကျွန်အတွင်းမှ လွတ်ကင်းရလေအောင် သားတော်ယေရှုကို ကောင်းမှုပြုမယ်တဲ့ဗျာ

မိက္ခေလ – မေတ္တာတော်ရှင် အဖဘုရားသခင်၏ မဟာကရုဏာတော်ကြီးကို လူသားများပေါ် ရက်ရက်ရောရော ပြုလိုက်တာပဲလား ဂါလရယ်… ။

ဂါဗြေလ – ကိုင်း ကျုပ်တို့နှစ်ဦး ကောင်းကင်ဘုံမှာ စကားပြောလို့ကောင်းဗျာ…. အနန္တတန်ခိုးရှင်ရဲ့ ကယ်တင်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်တုန်း မြေပေါ် သက်ဆင်းလို့ ပြင်ဆင်ပါရစေဦးဗျာ ၊

မိက္ခေလ – ကောင်းလှပါပြီ တမန်တော်ကြီးဂါဗြလဗျား သင်၌ငြိမ်သက်ခြင်းရှိဘိသို့ မြေပေါ်၌ ငြိမ်သက်ခြင်း ရှိစေဗျား

ဂါဗြေလ – အာမင်…………

 

အခန်း (၂)

သီချင်း (မတိမ်းမစောင်း)

ကောင်းကင်တမန်မင်း ဂါလနှင့် မာရိ

 

ဂါဗြေလ – ထာဝရဘုရား၏ဗျာဒိတ်တော်အမိန့်တစ်လုံးကို ပခုံးထမ်းပြီး လူမျိုးတော်ရှိရာ မြို့ရွာဒေသ ရှာဖွေလို့ ကြည့်လိုက်တော့ ဘုရားသခင်စိတ်တော်နဲ့တွေ့မဲ့ မာရ်ဆိုသော အပျိုကညာကို တွေ့ပါပေါ့လား။ စိတ်နှလုံးဖြူစင် သန့်ရှင်းခြင်း၊ ခန္ဓာကိုယ်နူးညံ့ သိမ်မွေ့ ယဉ်ကျေးခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ဝန်ခံခြင်းဆိုတဲ့ ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံသည် ဖြစ်သောကြောင့် ကိုယ်ထင်ရှားပြ၍ နှုတ်ဆက်လေဦးမှ။ ကျေးဇူးတော်ကိုခံရသောမိန်းမ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ မာရိ ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိလေနှင့်။ သင့်စိတ်နှလုံးကို ငြိမ်သက်စွာထား၍ ငါ့စကားကို နားထောင်လော့။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။ အကြောင်းမူကား သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။ ထိုသားသည် ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော် ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။

မာရိ – အရှင်.. သခင်ကအဘယ်သူနည်း။

ဂါဗြေလ – ငါကား ထာဝရဘုရားအထံတော်မှာ ခစားရသော ကောင်းကင်တမန်မင်း ဂါဗြလ ဖြစ်၏။

မာရိ – သခင် ကျွန်မသည် အပျိုကညာဖြစ်ပါ၏။ မည်သည့်ယောက်ျားနဲ့မျှ မဆက်ဆံဘူးပါ။ သန့်ရှင်းသော ကိုယ်ခန္ဓာကို ထိန်းသိမ်းခဲ့ပါပြီ။

ဂါဗြေလ – မှန်၏။ ဤသည်ကားသင်၏ ထူးမြတ်သောဂုဏ်အင်္ဂါဖြစ်၏ အချို့သော အပျိုတို့ဟာ လက်မထပ်သေးမီ ယောက်ျား တို့နှင့် တွေ့ထိဆက်ဆံ၍ အပျိုရည်ပျက်ပြီ။ သင်သည်ကား အပျိုဟူသော ဂုဏ်တင်မက ကညာဟူ၍ အင်မတန် သန့်ရှင်း စင်ကြယ် သည့် ဂုဏ်ထူးနှင့် ပြည့်စုံပေ၏။

မာရိ – အဲဒီတော့ ကောင်းကင်တမန်ကြီးရယ် ကျွန်မဟာ ဘယ်ကလေး ဘယ်သန္ဓေကို ယူလို့ရမလဲ။

ဂါဗြေလ – ကိုင်း… ကိုင်း… အရေးကြီးတဲ့စကားပြောမယ် နားထောင် သန့်ရှင်းသောဝိညာဉ်တော် သင်၏အပေါ် သက်ရောက်ပြီး အမြင့်ဆုံးသောဘုရား၏ တန်ခိုး အာနုဘော်တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားတော်သည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ ။

မာရိ – ကောင်းပါပြီသခင် ကျွန်မသည် ထာဝရဘုရား၏ကျွန်မဖြစ်ပါသည်။ ဘုရားသခင် အလိုတော်ကို နာခံလိုက်လျှောက်ပါမည်။

ဂါဗြေလ – နောက်တစ်ချက်က သင်၏အမျိုးဇာခရိ၏ဇနီး ဧလိရှဗက်သည်လည်း အမြဲမဟူ၍ လူတစ်ကာ ကဲ့ရဲ့ခြင်းမှ လွတ်ကင်း လိမ့်မည်။ ယခုဆိုလျှင် ဧလိရှဗက်၏ ဝမ်း၌ ပဋိသန္ဓေ စွဲနေသည်မှာ ခြောက်လအဝင်ရှိပြီ။ ဧလိရှဗက်ရှိရာ တောင်ကြားမြို့သို့ သင်သည်လည်း အလျင်အမြန်သွားလော့။

မာရိ – ကောင်းလှပါပြီ သခင် ။   သီချင်း… (ရှေးဦးအစ)

 

အခန်း (၃)

သီချင်း (နေရိပ်ထဲမှာ နေရပါမှ)

ယောသပ်နှင့် ရှိမုန်

ရှိမုန် – ယောသပ် သူငယ်ချင်း မင်းကြည့်ရတာ တစ်မျိုးပါလားကွာ ငိုင်လှချည်လား

ယောသပ် – ငါစိတ်ညစ်တယ် ရှိမုန်ရာ

ရှိမုန် – ကဲ ပြောစမ်း မင်းမှာ ဘာပြဿနာတွေ ရှုပ်နေလို့ စိတ်ညစ်နေရတာလဲ

ယောသပ် – မာရိကိစ္စပါကွာ ၊

ရှိမုန် – မာရိ ဘာဖြစ်လို့လဲ သူငယ်ချင်းရ အိမ်မှာ ငါတွေ့ပါတယ်။ အဲ… ဟိုတစ်လောကတော့ သူ့အမျိုးရှိရာ တောင်ကြားမြို့ကို သွားလည်တယ်တော့ ကြားတယ်။ အခု ပြန်ရောက်လာပြီ လေကွာ။

ယောသပ် – ပြန်ရောက်လာလည်း သူငယ်ချင်းရာ ငါ့ကို အဆက်ဖြတ်ပြီး အတွေ့မခံဘူးကွ။ သူ့အိမ်ကို တစ်နေ့တစ်ခေါက်ဆိုသလို ငါရောက်နေတာပဲ… ငါသွားတိုင်းလည်း ဆုတောင်းခန်းမှာ ဝင်ပြီး ဆုတောင်းနေတယ်ဆိုတဲ့ အဖြေပဲရတယ်… သူ့မျက်နှာ

လေးတောင် မတွေ့ခဲ့ရပါဘူးကွာ…။

ရှိမုန် – အကြောင်းတော့ရှိမယ်ကွ… နေစမ်းပါဦး သူမကြိုက်တာတွေ မင်းဘာများ လုပ်မိသေးလဲ…

ယောသပ် – ဒါလည်း ငါစဉ်းစားတယ် သူမကြိုက်တာလည်း ဘာတစ်ခုမှ မလုပ်မိခဲ့ပါဘူးကွာ…

ရှိမှန် – ဒါ ပြဿနာမဟုတ်ပါဘူးကွာ.. အေးအေးသာနေစမ်းပါ… ငါမာရိကို သွားတွေ့ပြီး မေးမြန်းကြည့်ပါဦးမယ် ။

ယောသပ် – အေးကွာ သူငယ်ချင်း ငါ့ကိုကူညီပါဦး… ငါသူ့ကို မမြင်ရရင် မနေနိုင်ဘူးကွာ သူ့ကို ငါချစ်တယ်။

ရှိမုန် – ကဲ… ကိုဖိုးသဲ… သိပ်လည်း မကဲနဲ့ စိတ်ပြေလက်ပျောက် တောင်ပေါ်ကို လမ်းလျှောက် ကြရအောင်ကွာ…

သီချင်း (နေရိပ်ထဲမှာ နေရပါ)

 

အခန်း (၄)

သီချင်း (နေဝင် ဆည်းဆာရဲ့ အလှ)

အမျိုးသမီးတစ်ချို့ ရေခပ်ဆင်းပြီး အတင်းပြောဟန်ပြု

 

မိန်းမ (၁) – မာရိ တစ်ယောက်လည်း မတွေ့တာကြာပြီတဲ့

မိန်းမ (၂) – အေး ဟုတ်ပါရဲ့ ။ မိန်းမ (၃) – ဘယ်တွေ့ မလဲတဲ့… ယုဒပြည်မှာရှိတဲ့ တောင်ကြားမြို့ကို သွားနေတာ

မိန်းမ (၄) – ဟေ့ ကောင်မတွေ ဘာတွေပြောနေကြတာလဲ ဟေ့

မိန်းမ (၁) – မာရိ အကြောင်းပြောနေတာပါအေ…

မိန်းမ (၄) – နင်တို့မာရိအကြောင်း မသိသေးဘူးလား

အားလုံး – မာရိ ဘာဖြစ်လို့လည်း.. တို့ဘာမှမသိဘူး

မိန်းမ (၄) – အဲဒါကြောင့် နင်တို့ခေတ်နောက်ကျနေတာပေါ့…

မိန်းမ (၃) – ပြောစမ်းပါတဲ့… နင်က မာရိအနားမှာ ခနတော့ သိမှာပေါ့ မာရီ ဘာဖြစ်လို့လဲ

မိန်းမ (၄) – မာရိ ဒါရှိနေတယ်တဲ့။

အားလုံး – ဟယ်တော့… ဘာဖြစ်တယ်… ဘာရှိတယ်..

မိန်းမ (၂) – နင်တို့ သိပ်အတာပဲ မာရိမှာ ဗိုက်ရှိနေတယ်… ။

အားလုံး – အဲဒါပေါ့တဲ့.. ငါ့သမီး လိမ္မာတယ် လိမ္မာတယ်နဲ့ ယောင်းမ မြင်းစီးထွက်တယ်ဆိုတာ

မိန်းမ (၂) – ဒါ မစမ်းပါဘူးအေ ယောသပ်နဲ့ စေ့စပ်ထားတဲ့ဥစ္စာ

မိန်းမ (၅) – ဘာဖြစ်လို့မစမ်းရမှာလဲတဲ့ ယောသပ်လည်း တို့အိမ်လာပြီးတော့ မာရိသူ့ကို အတွေ့ မခံတဲ့ အကြောင်း ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတဲ့အကြောင်း ယောသပ်သနားပါတယ် ဟယ်

မိန်းမ (၂) – ဘာလဲ ကောင်မမာရိနေရာ ဝင်ချင်လို့လား

မိန်းမ (၄) – မဟုတ်တာပြောတော့မယ် နင်ဝင်လိုက်

မိန်းမ (၂) – တော်ကြစမ်းပါဟယ် မာရိက အင်မတန် အိန္ဒြေရှိတာ ဘယ်လိုက ဘယ်လိုများ ဖြစ်ရတာလိမ့် ။

မိန်းမ (၄) – အဲဒါကြောင့်ပြောတာ တို့အိမ်က မိဘများဆိုရင် မာရိကို လက်ညှိုးထိုးပြီးတော့ ငါ့ကို ဆုံးမနေတော၊

မိန်းမ (၁) – တို့မိဘလည်း ဒီလိုပါဘဲ မာရိဟာ မိန်းမပီသကြောင်း၊ ယဉ်ကျေးသိမ်မွေ့ကြောင်း၊ လိမ္မာရေးခြားရှိကြောင်း ချီးမွမ်းနေ လိုက်တာ

မိန်းမ (၄) – တော်စမ်းပါ ဒါကြောင့်မို့လို့ လူတွေက သေမှ ကောင်းမကောင်း ချီးမွမ်းရတယ်လို့ ဆိုတာပေါ့ အခုတော့ မိန်းမကောင်း မာရိ ဗိုက်ကလေးယောင်ပွပွနဲ့ အိမ်ပြင်တောင် မထွက်ရဲတော့ဘူး၊

မိန်းမ (၂) – ကဲပါအေ နေလည်းဝင်တော့မယ် ရေခပ်ပြီး အိမ်ပြန်ကြရအောင်

သီချင်း (နေဝင်ဆည်းဆာရဲ့ အလှ)

 

 

အခန်း (၅)

သီချင်း (မွှေးလွန်းသည့်ပန်း)

ယောသပ်တစ်ယောက်တည်း စဉ်းစားခန်း

 

ယောသပ် – သော် အချစ် အချစ် အချစ်ရောဂါ ကိုယ်တွင်းနာကား ကုရာနတ္တိဆေးမရှိဆိုတဲ့ ရှေးလူကြီးများရဲ့ စကားဟာ တယ်မှန် ပါလား မာရိ မင်းရက်စက်တယ် မင်းလှည့်ဖျားတယ် နှစ်ဘက်မိဘ ဂုဏ်သိက္ခာကိုမှ မထောက် ဖောက်ပြန်တဲ့ မိန်းကလေး မြွေဟောက်လို လျှာနှစ်ခွနဲ့ လာသမျှကို လက်ခံတဲ့ မိန်းကလေး မင်းရဲ့ ရက်စက်မှု ယဇ်ပလ္လင်မှာ ငါ့ရဲ့ နှလုံးသဲပြင် ဆွဲငင်တင်သ ပူဇော်လိုက်မိတာကြောင့် ငါ့မှာ အသဲ မရှိတဲ့ ယောက်ျား ခံစားချက်နှလုံးသား ကင်းမဲ့တဲ့ ကျောက်စစ်လူသား ကျောက်စစ် လူသား.. ဒါပေမဲ့ ငါသူ့ကိုလက်ထပ်မယ်… အချစ်ကို အနိုင်ယူမယ်… အရှုံးမပေးဘူး ငါ သူ့ကို လက်ထပ်ရင် ပတ်ဝန်းကျင်က ဘယ်လိုပြော မလဲ … လှည်းကြိုးနဲ့ နွားသိုး ယောက်ျားဆိုလည်း အစွမ်းမရှိတဲ့ယောက်ျား မွေးဖွားလာတဲ့သား ငါ.. ငါဘယ်လို စိတ်ထားမလဲ… အို ဘုရားသခင် ကယ်တော်မူပါ…။ ငါဘာတွေဖြစ်နေပါလိမ့်…. မာရိကရော ဘာတွေဖြစ်နေလဲ… ယောသပ် မင်းစဉ်းစား အမှန်တရားရဲ့ ဘုရားသခင်ဆိုတာ လောကမှာ ရှိပါတယ် အခုတော့ ငါဟာ မာရိအပေါ်မှာ တစ်ဖက်သတ်အမြင်နဲ့ စွဲချက်အမျိုးမျိုးတင်ခဲ့တယ်… မင်းမှားတယ် ယောသပ် မင်းမှားတယ် မာရိဘက်ကို ပြန်ကြည့်စမ်း ယဉ်ကျေးသိမ်မွေ့တဲ့မိန်းကလေး တစ်ထောင်မှာ တစ်ယောက် စံတင်လောက်တဲ့ မိန်းကလေး မိဘစကားမပယ်ရှား လိုလို့ ငါနဲ့စေ့စပ်မှုကို ခေါင်းညိတ်လက်ခံလိုက်ပေမဲ့ သူ့မှာ ငယ်ချစ်တော့ ရှိမှာပဲ အချစ် နယ်လွန်တာလည်း ရှိမှာပေါ့…. ငါ့ကိုလက်ထပ်ပြီး သူ့ အချစ် သူ့နှလုံးသားကို စတေးရတော့မယ် ငါဘာလုပ်ရမလဲ ဘယ်လိုဆုံးဖြတ်ရမလဲ… အင်းဟုတ်ပြီ ဒီစေ့စပ်ကြောင်းလမ်းခြင်းကို ငါကိုယ်တိုင်ဖျက်မယ် မနက်မိုးမလင်းမီ တိဗေရိအိုင်ကို ငါထွက်ပြေးမယ်… ဟိုမှာလေဗေဒဲရှိတယ် သူ့ ဆီမှာ ငါးဖမ်းအလုပ် ဝင်လုပ်ပြီး ငါ့ဘဝကို မြုပ်နှံပစ်လိုက်မယ်… မာရိရေ မင်းချစ်ရတဲ့သူနဲ့ ထာဝစဉ် လက်တွဲလို့ ချစ်ပွဲ ဝင်နိုင်ပါစေကွယ်။

သီချင်း

ယောသပ်အိပ်ပျော်သွားစေ

ဂါဗြေလ – သြော် ယောသပ် ယောသပ် မောမောပန်းပန်းနဲ့ အိပ်ပျော်သွားပါရော့လား မျက်ရည်စကလည်း ပါးပြင်မှာ စီးကျလို့ အင်းလေ.. သူ့ရဲ့ သံသယ စိတ်အစဉ်ကို ပျောက်လွင့်ရလေအောင်… ထာဝရဘုရား၏ ကြံစည်တော်မူချက်ကို အိမ်မက် ရူပါရုံအားဖြင့် အကြောင်းစုံ ရှင်းပြရတော့မှာပဲလေ

အို ဒါဝိတ်အမျိုးယောသပ် သင်၏ဘဝင် စိတ်ဝိညာဉ်သည် ယခုပင်နိုးတော့ ဒါဝိတ် အမျိုးယောသပ် သင်နှင့် စေ့စပ်ထားသော မာရိ၏ ဝမ်းမှ သန့်ရှင်းသော သန္ဓေသည် သင့် စိတ်သံသယ ရှိသည်အတိုင်းမဟုတ် ထာဝရဘုရားထံမှ သက်ရောက်လာသော သန့်ရှင်းသော ဝိညာဉ်ဖြစ်၏။ မာရိကို လျင်မြန်စွာ သိမ်းပိုက်လော့။ ထိုဝိညာဉ်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုဟူ၍ အမည်မှည့်ရမည်။ ကောင်းစွာ မှတ်သားလုပ်ဆောင်လော့ ယောသပ်…

 

အခန်း (၆)

သီချင်း (အောင်ဇေယျတု)

မင်္ဂလာဆောင်ခန်း

 

အခန်း (၇)

သီချင်း (နေပူထဲလည်း)

 မာရိ၊ ယောသပ်

 

ယောသပ် – ဒါဘာလုပ်တာလဲ မာရိ ကိုယ့်မှာလဲ မပေါ့မပါးနဲ့ ဘာဖြစ်လို့ အညောင်းခံပြီး ထိုင်နေရတာလဲ…

မာရိ – သော် ကိုကြီးယောသပ်ရယ်… မာရိလည်း ပျင်းပျင်းရှိတာနဲ့ အင်္ကျီအပြဲတွေကို ချုပ်ပေးနေတာပါ…

ယောသပ် – ခက်တာပဲကွာ… ဘာမှမလုပ်ပါနဲ့လို့ ပြောရဲ့ သားနဲ့ မင်းမှာ နေ့စေ့လစေ မွေးကာနီးနေပြီ… အထိုင်များရင် ကလေး ခေါင်းကြီးတတ်တယ်တဲ့

မာရိ – ဪ… ကိုကြီးကလည်း

အမတ် – တိုင်းသူပြည်သား လူအများတို့လေ…. ကဲသာဘုရင်မိန့်တော်မူသည်ကား မိမိတို့ မွေးဖွားရာ အရပ်ဒေသသို့ ပြန်၍ သန်းခေါင်စာရင်းအရ နိုင်ငံသားစာရင်းဝင်စေခြင်းငှာ အမည် နာမများကို ပေးသွင်းရမည် ဘုရင့်အမိန့်တော်

ယောသပ် – ခက်တော့တာပဲ မာရိရယ်… ကိုကြီးမှာလည်း ယုဒပြည် ဗက်လင်မြို့မှာ မွေးလာခဲ့တော့ ကဲသာဘုရင်ရဲ့ အမိန့်ရ သန်းခေါင်စာရင်းအရ နိုင်ငံသား ဝင်နိုင်ဖို့ ဗက်လင်မြို့ကို သွားပြီး စာရင်းပေးသွင်းရတော့မယ်…၊

မာရိ – ဟာ ဟုတ်ပြီ ကိုကြီးရေ…. မာရိလည်း လိုက်မယ်… ဒါဝိတ်မင်းကြီး မွေးဖွားရာ ဇာတိမြို့ ဖြစ်တဲ့ ဗက်လင်မြို့ကို ဒီရက် အတောအတွင်း သိပ်သွားချင်နေတာ… ကိုကြီးကိုပူဆာရင် ဆူမှာစိုးလို့ မာရ်လိုက်မယ်နော်…နော် ကိုကြီးနော်…

ယောသပ် – မာရိ လိုက်လို့ ဖြစ်ပါ့မလားဘွဲ့ ကိုယ်ဝန်ကလည်း ကိုးလကျော်လို့ ဆယ်လထဲဝင်လာပြီး မွေးဖွားဖို့ရာ ရက်လေးပဲ လိုတော့တယ် မဟုတ်လား ။

မာရိ – အို ဘာပဲဖြစ်ဖြစ် မာရ်လိုက်မယ်… ဗက်လင်မြို့ကို သွားကိုသွားမယ်…၊

ယောသပ် – ကဲကဲကဲ ရွှေစိတ်တော်ညိုအလိုမကျတဲ့ မျက်နှာတော့ မလုပ်ပါနဲ့ဗျာ မာရိ သိပ်ပင်ပန်းမှာ စိုးလို့ပါ… ဒီလိုလုပ် မာစီးဖို့ မြည်းလေးတစ်ကောင်လောက် လိုက်ရှာ ငှားလိုက်ဦးမယ် သက်သက်သာသာနေနော်…

သီချင်း

 

အခန်း (၈)

မာရီ၊ ယောသပ်၊ မိက္ခေလ

 

ယောသပ် – ခက်နေပြီ မာရိရေ ဧည့်သည် တည်းခိုရာ ဇရပ်မှာလည်း လူတွေပြည့်ကျပ်နေပြီ

မာရိ – အဲဒါမှ ဒုက္ခပါဘဲ ၊

ယောသပ် – ဟာ ဟုတ်ပြီ… မာရိရေ နောက်ဘက်နွားတွေ မြင်းတွေထားတဲ့နေရာလေးတေး

ရှိသေးတယ် အဲဒီမှာ တည်းခိုကြရအောင် ။

မာရိ – အင်းပေါ့လေ နေစရာမရှိတော့လည်း အဲဒီမှာပဲ နေရတော့မှာပေါ့ ကဲ လာသွားစို့

မိက္ခေလ – ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ဗျာ (ဗျာ) ၊ ယနေ့‌ ည သန်းခေါင်ယံအချိန် ကမ္ဘာ့လူသားများကို ကယ်ချွတ်ကယ်တင် မည့် သူငယ်တော် ယေရှုသခင် မီးရှူးသန့်စင်ဖွားမြင်ရာ အချိန်ကျတော့မည် ဖြစ်ကြောင့် မယ်တော်နှင့် သူငယ်တော်အား အထူး စောင့်ကြပ် ကြည့်ရှုရမယ်ဗျာ ။ (ကောင်းလှပါပြီ ကောင်းကင်တမန်မင်း မိကြွေလာ) ကျွန်ုပ်သည်ကား ကယ်တင်ရှင် ဖွားမြင်ရာ အချိန် အံ့သြဖွယ်ရာ နိမိတ်လက္ခဏာ ဖြစ်စေဖို့ ကြယ်သုံးလုံး ဂြိုလ်အစုကို ပေါင်းစုံလို့ ကိုယ်တော်ရှင်သည် အလင်းဖြစ် ကြောင်း သတင်းကောင်း သက်သကို ပြမယ်ဗျာ။

 

အခန်း (၉)

သီချင်း (ဟေမာန်ထောင်းရဲ့)

မာရိ ၊ ‌ယောသပ်

 

မာရိ – ကိုကြီးယောသပ်

ယောသပ် – မာရိ ဘာဖြစ်တာလဲဟင်

မာရိ – မာရိ ဗိုက်ထဲမှာ တစ်မျိုးကြီးပဲ… မာရိရင်ထဲမှာတော့လေ သိပ်ကို ဝမ်းမြောက်နေတယ်

ကိုကြီးရယ်… ပြီးတော့ တစ်ခါမှ မဖြစ်ဖူးတဲ့ မရှိခဲ့တဲ့ဖူးတဲ့ ခွန်အားအစွမ်းတွေလည်း ဖြစ်နေတယ်…

ယောသပ် – ကျေးဇူးတော်ပဲပေါ့ မာရိရယ်.. ကဲ တို့များ ကိုးကွယ်တဲ့ အသက်ရှင်တော်မူသော

ထာဝရဘုရားဂုဏ်တော်ကို ချီးမွမ်းကြရအောင်…

 

အခန်း (၁၀) ၊

သိုးထိန်းများနှင့် ဂါဗြေလ

 

ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း… လူတို့အား မေတ္တာကရုဏာရှိစေသတည်း။

ဂါဗြေလ – ကြောက်ရွံ့ခြင်းမရှိကြနှင့် လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြား ပြောရ၏။ ယခုည သန်းခေါင်ယံအချိန် ဒါဝိတ် မြို့မှာ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဖို့ အလို့ ငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီး သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား သူငယ်သည် အဝတ်နှင့် ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ရလိမ့်မည်…

 

အခန်း (၁၁)

သီချင်း (ဟေမာန်ဆောင်းရဲ့ )

သိုးထိန်းများနှင့် ယောသပ်မိသားစု

 

သိုးထိန်း ၁ – ဒီလိုပါ အဆွေ ကျွန်ုပ်တို့ဟာ ဗက်လင်မြို့မှာ မိုးများကို ညအိပ်စောင့်ရှောက်ရတဲ့ သိုးထိန်းများ ဖြစ်ကြပါတယ်… ယခုည သန်းခေါင်ယံအချိန် ကျွန်ုပ်တို့ နေရာအရပ်နှင့် တကွ ဗက်လင်တစ်မြို့လုံးဟာ မမြင်စဖူး ထူးကဲစွာ အလင်းရောင်ကြီး တောက်ပလို့ ကောင်းကင်တစ်ခုလုံး ကြီးသောအသံနှင့် ကြွေးကြော်ခြင်းကို ကြားရပြီး အင်မတန် တောက်ပတဲ့ ကောင်းကင်တမန် တစ်ပါး ကျွန်ုပ်တို့ရှေ့မှာ ပေါ်ထွန်းလာပြီး ကြောက်ရွံ့ ခြင်းမရှိနှင့် လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်စရာ သတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယခုပင်လျှင် ဒါဝိတ် မြို့၌ သခင်ခရစ်တော်တည်း ဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့ အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်း ဟူမူကား သူငယ်သည် အဝတ်နှင့် ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ရလိမ့်မည်ဟူ၍ ပြောဆိုပြီး ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော် မူစေသတည်း… မြေကြီး ပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း ကြွေးကြော်ချီးမွမ်းပြီး ပျောက်ကွယ်သွား ပါတယ်.. ကျွန်ုပ်တို့ လည်း သိုးများကို ထားပြီး ချက်ချင်းရှာကြသောအခါ ကောင်းကင် တမန်ပြောသလို ယခုသူငယ်တော်ကို တွေ့မြင်ဖူးမျှော်ရပါ၏။ အို အဆွေတို့ သင်တို့ ၊ ၏ သားသည် အံ့သြဖွယ်ရာ တန်ခိုး နိမိတ်လက္ခဏာများနှင့် ပြည့်စုံလှပါ၏ သူငယ်တော်နှင့်တကွ သင်တို့ အပေါ်သို့ ငြိမ်သက်ခြင်း ရှိစေသတည်း… အာမင်..

ယောသပ် – အဲဒါမှ ငါ့သား ကမ္ဘာကျော်မဲ့သား ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ထင်ရှားမယ့်သား ငါ့သားကွ ငါ့သား ၊

မာရိ – ဟင် သူ့သားလည်း မဟုတ်ပဲနဲ့…၊

ယောသပ် – ဟေ သြော် အေးအေး ဘုရားသား ဘုရားသား ဟား ဟား ဟား

 

အခန်း (၁၂)

တီးလုံး

မာကုပညာရှင် သုံးပါး

 

မာကု ၁ – တာရာနက္ခတ် အာကာသနှင့် ဗေဒလုံးစုံတတ်မျိုးစုံသည့် မာကု ပညာရှင်ကြီးများ မှတ်သဗျာ ၊

မာကု ၂ – ဟုတ်ပါ့ဗျာ ဟုတ်ပ ရာသီစက်ခွင် မြင်မြင်သမျှ ကျွမ်းကျင်လှသည့် မာကုပညာရှင်ကြီးဗျာ

မာကု ၃ – ရာသီဆယ့်နှစ်တွင် ဂြိုလ်များနှင့် ယှဉ်လျက် အာကာသကောင်းကင်ပြင် ယမန်နေ့ည သန်းခေါင်ယံအချိန်မှာ ယုဒပြည် ဗက်လင်မြို့ တစ်ဝိုက် ကမ္ဘာ့ဦးကပင် မပေါ်စဖူး ထူးထူးဆန်းဆန်း အံ့မခန်းစဖွယ် ကြီးမားသော ကြယ်နက္ခတ်ကို ကျုပ်တို့ သုံးဦး စလုံး တွေ့မြင်ကြရတယ်ဗျနော် ။

မာကု ၁+၂ – ငြင်းဖွယ်မရှိတွေ့မြင်ရပါကြောင်း ပညာရှိကြီးဗျာ

မာကု ၃ – ထိုကြယ်တာရာ နက္ခတ်နှင့် စန်းမြတ်ယှဉ်ပြီး ဖွားမြင်တဲ့ ပုဂ္ဂိုလ်ကတော့ ကျုပ်တို့ အာကာသ ကျမ်းအလာ အလွန်တရာ မြင့်မြတ်ပြီး ဘုရင်တစ်ကာတို့၏ ဘုရင် သခင် တစ်ကာတို့၏ သခင် ဖွင့်ဆိုသကိုးဗျ

မာကု ၂ – ဟုတ်ပါ့ ဟုတ်ပါ့

မာကု ၃ – နောက်တစ်နည်းကား ကောင်းကင်ပေါ် မြေကြီးပေါ်မှာ စီရင်ပိုင်သ အစိုးရမဲ့ အာဂယောက်ျား မင်းတစ်ပါးကိုးဗျ…

မာကု ၁+၂ – မှန်လိုက်လေ

မာကု ၃ – ထိုမင်းလောင်းကို ဦးစွာ ဖူးတွေ့ပူဇော်ရသောသူတို့မှာလည်း သံသရာဝဋ် မှောင်အတွင်း လွတ်ကင်းလို့ အလင်းကိုရ ကောင်းကင်ပြည်နန်း စံမြန်းရမယ်လို့ အကျိုး တရားကို ဖွင့်ဆိုလေသောကြောင့် ကြယ်တာရာ လမ်းပြမှုနှင့် မင်းလောင်းကို ဖူးတွေ့ ပူဇော်ရန် ခရီးကြမ်းကိုလှမ်းလာကြတာ အလို… ယေရုရှလင်မြို့အနီးတောင် ရောက်လာကြမှကိုး…

မာကု ၂ – အဲဒီတော့ ကျုပ်တို့တစ်တွေ ကိုယ့်နည်းကိုယ်ဟန်နဲ့ မင်းလောင်းကို ရှာကြမယ်ဆို ဖူးတွေ့ရန်ခဲယဉ်းတာကြောင့် ယုဒပြည် ဟေရုဒ်မင်းကြီးထံ ဝင်ရောက်ခစားလို့ စနည်းနာကြစို့ဗျာ…

မာကု ၁ – ဒီအကြံ အင်မတန်ကောင်းသောကြောင့် ကိုင်း စည်တော်သံကြား နန်းအပါး ဝင်မယ်ဗျား…

 

အခန်း (၁၃)

ဟေရုဒ်မင်း၊ ပုဏ္ဏား၊ အမတ်များ၊ ရဲမတ်များ

 

ဟေရုဒ် – ငါ၏အပါး အမြဲခစားသည့် ကျမ်းတတ်အကျော် ပုဏ္ဏားတော်တို့ဗျာ

ပုဏ္ဏား – ဘုရား ဟေရုဒ် – တိုင်းရေးပြည်ရာ အဖြာဖြာ သာယာပါစဗျာ

ပုဏ္ဏား – မှန်လှပါ ဘုန်းတော်ကြောင့် သာယာလှကြောင်းပါဘုရား

ဟေရုဒ် – အလို မာကုပညာရှင်ကြီးများပါလား… ကြွာ ကြွဗျာ အရေးတစ်ကြီး ၊ တစ်ပြည်နဲ့တစ်ပြည် တိုင်းရေးပြည်ရာ ဘယ်အကြောင်းကြောင့် ကြွလာရပါသလဲဗျာ

မာကု – မှန်လှပါ အရှင်မင်းကြီး ယခုဖွားမြင်သော ယုဒရှင်ဘုရင်ကို ဖူးတွေ့ ပူဇော်လိုသောငှာ လာရောက်ကြပါ၏။ အရှေ့ပြည်၌ သူ၏ ကြယ်ကို တွေ့မြင်ရပါ၏။ မင်းလောင်းရှိရာ လမ်းပြတော်မူပါ အရှင်မင်းကြီး…

ဟေရုဒ် – ကိုင်း ကိုင်း အရှေ့ပြည်မှ မာကုပညာရှင်ကြီးများလည်း ခရီးကြမ်းလို့ မောပန်းလာ ပုံရတယ် ခေတ္တ အနားယူ အပန်းဖြေ ကြဦးဗျာ ကြယ်မြင်ရာအချိန်ကို အတိအကျ မေးလို့ ကျုပ်တို့ ကျမ်းတတ်များနှင့် တိုင်ပင်၍ လမ်းညွှန်ပါရစေဗျာ

မာကုပညာရှင်များထွက်သွားစေ…

ဟေရုဒ် – ဘယ်နှယ့်လဲ ပုဏ္ဏားတော်ကြီး မာကုပညာရှင်ရဲ့ သံတော်ဦးတင်သံကြားတယ်နော်…

ပုဏ္ဏား – ကြားနီးကီးကြောင်းပါဖရား ၊

ဟေရုဒ် – အေး မာကုပညာရှင်များကို ကြယ်ပေါ်ရာအချိန်ကို စေ့စေ့မေးမြန်းကြည့်တော့ မကြာခင်သော နေ့ရက်ကာလပဲဗျ အိုး နေစမ်းပါဦး ပုဏ္ဏားတော်ကြီး ကျုပ်တို့ လူမျိုးတွေ ပျော်နေတဲ့ မေရှိယ အရှင် ဖွားမြင်ပါက ဘယ်အရပ် ဒေသရယ်လို့ ကျမ်းစာက ဆိုထားသလဲဗျ

ပုဏ္ဏား – မှန်နီးကီးပါဖရား ပရပဲတု (ပရပိုက်တွင် ရေးထားသည်မှာ ကို ယုဒပြည် ဗက်လင်မြို့ အစိုးရသော ယုဒမျိုး တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မဟုတ် အကြောင်းမူကား ငါ၏ လူ ဣသရေလ အမျိုးကို အုပ်စိုးရသော သခင်သည် သင်၏အထက်မှာ

ပေါ်ထွန်းလာလတ္တံ့ဟု ကျမ်းစာ လာနီးကီးကြောင်းပါဖရား လာနီးကြီးကြောင်းပါ ဖရား

ဟေရုဒ် – ဟယ် ဒီသခင် မေရှိအရှင် ပေါ်လာရင်တော့ ကျုပ်ရဲ့ ထီးနန်းကို လုမလား ပုဏ္ဏားတော်ကြီး

ပုဏ္ဏား – အမှန်နီးကီးပါဖရား… ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းရိုးထုံးစံမရှိသောကြောင့် ထိုမင်းလောင်း အရွယ်မရောက် ခင် သုတ်သင်ရှင်းလင်း သင့်ကြောင်းပါဖရား ပုဏ္ဏားတော်ကြီးကို အပ်ရင် အဲဒီဘုရင်လောင်းကို ဟောဒီလို ဟာဒီလို ဟာလို ဂုတ်ချိုးလို့ သတ်နိုးကိုးပါရစေဖရာ့ သတ်နိုးကိုးပါရစေဖရား…

ဟေရုဒ် – အင်မတန်အားကိုးရတဲ့ အကြံပေးပညာရှိ ပုဏ္ဏားတော်ကြီးပေပဲဗျ… ကြယ်ပေါ်ရာ အချိန်ကို စေ့စေ့တွက်ချက်၍ ဗက်လင်မြို့အနီးတစ်ဝိုက် နှစ် နှစ်အောက် သူငယ်များကို သတ်စေဗျား ပုဏ္ဏားတော်ကြီးဦးဆောင်၍ ပြုကြစေဗျား…

ပုဏ္ဏား – မှန်နီးကီးပါဖရာ့ ကောင်းနီးကြီးကြောင်းပါဖရာ့ ကောင်းနီးကြီးကြောင်းပါဖရာ့..

ဟေရုဒ် – မေရှိယသုတ်သင်ရေး အောင်ပွဲဆင်ကြစေဗျား

တီးလုံး (ပွဲခေါ်)

 

အခန်း (၁၄)

မာကုပညာရှင် သုံးပါး

 

မာကု ၃ – ဘယ်နှယ့် မာကုပညာရှင်ကြီးများခများ ဟေရုဒ်ဘုရင်က ကျုပ်တို့ သုံးဦးကို လျှို့ဝှက်တွေ့ ဆုံလို့ ကြယ်ပေါ်ထွန်းရာ အချိန်ကို စေ့စေ့ မေးမြန်းပုံ ထောက်ရတော့ တယ် မရိုးသားဘူးထင်တယ်ဗျာ…..။

မာကု ၁ – ဟုတ်တယ် ပညာရှင်ကြီးများ ကျုပ်တော့ ဟေရုဒ်ကို လုံးဝ မယုံကြည်ဘူးဗျာ ပြီးတော့ အတန်တန် မှာလိုက်တာက မင်းတို့  ယုဒပြည် ဘုရင်လောင်းကို တွေ့အောင် ရှာကြပါ ကျုပ်လည်း ဖူးတွေ့ ပူဇော်ချင်လို့ အမြန်အကြောင်းပြန်ပါလို့ ဆိုသကိုးဗျ…၊

မာကု ၂ – အို ဗျာ ကျုပ်တော့ ဟေရုဒ်ကို မနှစ်မြို့ ချင်ဘူး

မာကု ၃ – ဟောဟော ယုဒရှင်ဘုရင်ရဲ့ကြယ် ကျုပ်တို့ရှေ့မှာ ထွန်းတောက်ပြီး လမ်းပြနေပါလားဗျို့

မာကု ၁+၂ – ဟုတ်ပါ့ဗျာ ဟုတ်ပါ့ ထူးထူးဆန်းဆန်း ကျုပ်တို့ကို လမ်းပြနေပါလားဗျိုး

မာကု – ၁ – အလို ဗက်လင်မြို့ အိမ်တအိမ်ရဲ့ ခေါင်မိုးပေါ်မှာ ရပ်တန့်လို့ တည်နေပါလား ဟန်ကျပြီဗျို့

မာကု – ၃ – ကျုပ်တို့ရှာနေတဲ့ ဘုရင်လောင်း ဖူးတွေ့ပူဇော်ရအောင် ဝင်ကြစို့ဗျား။